Cyber Harassment

အထွေထွေဆောင်းပါး ( နှစ်ခွက် )

အွန်လိုင်းပေါ်ရှိ အင်တာနက် စာမျက်နှာများပေါ်တွင် ရိုင်းစိုင်းသော စကားလုံးများ ပြောဆိုခြင်း၊ မှတ်ချက်များပေးခြင်း၊ တစ်စုံတစ်ယောက်ကို ဉီးတည်သော သရော်မှုများ၊ ရည်ရွယ်ချက်ရှိစွာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ၊ အမုန်းစကားများနှင့် လူမှုကွန်ရက်များပေါ်ရှိ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ ပြုလုပ်ခြင်း အစရှိသည့် လုပ်ရပ်များကို "Cyber harassment" , "Online harassment” , “Cyber abuse” နှင့် “Online abuse” အစရှိသဖြင့် ခေါ်ဝေါ်ကြပါသည်။ အင်တာနက် လူမှုကွန်ရက်စာမျက်နှာများ ဆိုသည်မှာ သတင်းအချက်အလက်များရယူရာတွင် အသုံးများသော မီဒီယာများဖြစ်သည့် Twitter, Facebook နှင့် Instagram အစရှိသည်များ၊ ဆက်သွယ်ပြောဆိုရာတွင် အသုံးပြုကြသော Email, Facebook Messenger Text Message နှင့် WhatsApp အစရှိသော မီဒီယာများ၊ ကိုယ်ပိုင်သတင်းအချက်အလက်များကို မျှဝေဖော်ပြခြင်းပြုလုပ်ရာတွင် အသုံးပြုသည့် Medium, Tumblr နှင့် Wordpress အစရှိသော မီဒီယာများကို ရည်ညွှန်းပါသည်။ မိမိ သတင်းအချက်အလက်များ လက်ခံရရှိနေသော YouTube စာမျက်နှာများနှင့် များစွာသော မီဒီယာများသည် လည်း ပါဝင်လျက်ရှိနေပါသည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ရိုက်ထိပါးနှောင့်ယှက်မှုများ ကဲ့သို့ပင် Cyber harassment များကို ပြုလုပ်ခံရသူများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများကို ထိခိုက်စေရန် ရည်ရွယ်၍ ပြုလုပ်သော ခြိမ်းခြောက်ခံရမှုများ၊ ထိပါးနှောင့်ယှက်ခံရမှုများနှင့် ပုဂ္ဂိုလ်ရေးအရ လှောင်ပြောင်တိုက်ခိုက်မှုများကို အွန်လိုင်းပေါ်မှတစ်ဆင့် ဆိုးဝါးစွာ ခံစားရပါသည်။ Cyber-Mob Attacks, Cyberstalking, Denial of Service (DoS) Attacks နှင့် Hacking အစရှိသော အခေါ်အဝေါ်များသည်လည်း မိမိတို့၏ ကိုယ်ပိုင်ဖြစ်သော ကိုယ်ရေးအချက်အလက်များကို ရယူကာ (သို့မဟုတ်) အသုံးချကာ ထိပါးနှောင့်ယှက်မှုများ ပြုလုပ်သော နည်းလမ်းများ ဖြစ်သည်။ အမုန်းစကားများကို ပြောဆိုရေးသား ဖြန့်ဝေခြင်း (Hate Speech) နှင့် အွန်လိုင်းပေါ်တွင် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု ပြုလုပ်ခံရခြင်း ( Online Sexual Harassment ) တို့သည် အွန်လိုင်းအသုံးပြုသူများကြားတွင် ဆိုးရွားစွာ ကြုံတွေ့နေရသော ကိစ္စရပ်များပင် ဖြစ်သည်။ Online Sexual Harassment ကိစ္စရပ်များသည် အမျိုးသားများ၊ အခြားသော လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်သူများထက် အမျိုးသမီးများကို ရည်ရွယ်ကာ အများဆုံးပြုလုပ်ကြပါသည်။ အထက်ပါ ဖော်ပြခဲ့သော မီဒီယာများကို အသုံးပြုကာ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ရန် ရည်ရွယ်သော ညစ်ညမ်းစာများ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ၊ ဒေတာအချက်အလက်များကို ခိုးယူကာ အရှက်ခွဲသော ဖြစ်ရပ်များ၊ သတင်းအမှားများ ပြုလုပ်ခြင်းနှင့် အမုန်းစကားများ မှတ်ချက်ပေးပြောဆိုခြင်းတို့မှတစ်ဆင့် အနိုင်ကျင့်ခြိမ်းခြောက်မှုများ ရှိပါသည်။ ၂၀၀၂ ခုနှစ်က အမေရိကန်နိုင်ငံရှိ ကျောင်းပေါင်း ၉၈ကျောင်းကျော်ရှိ အထက်တန်း၊ အလယ်တန်းကျောင်းသား၊ကျောင်းသူ ၂သောင်းကျော်ကို မေးခွန်းများ မေးမြန်း၍ သုတေသနပြုလုပ်သည့် လုပ်ငန်းစဉ်တွင် ဖြေဆိုသူ ၂၇ရာခိုင်နှုန်းသည် ၄င်းတို့၏ဘဝတွင် အကြောင်းတစ်စုံတစ်ရာကို အခြေခံကာ Cyber Harassment ပြုလုပ်ခံရဖူးသည်ဟု ဖြေဆိုထားကြသည်။ ဖြေဆိုသူ ၁၀ရာခိုင်နှုန်းသည် သုတေသနမေးခွန်းများ မေးမြန်းခဲ့သော အချိန်ကာလမှ ပြီးခဲ့သော ရက်ပေါင်း ၃၀အတွင်းကပင် Cyber Harassment ပြုလုပ်ခံရဖူးသည်ဟု ဖြေဆိုထားကြပါသည်။ ဖြေဆိုသူများထဲမှ ၁၆ရာခိုင်နှုန်းသည် ၄င်းတို့ကိုယ်တိုင်ကပင် အခြားသူများအား Cyber Harassment ပြုလုပ်ခဲ့ဖူးပါသည်ဟု ဖြေဆိုထားပါသည်။ အမေရိကန်နိုင်ငံ၏ ၂၀၀၀ခုနှစ်၊ ၂၀၀၅ခုနှစ်၊ ၂၀၁၀ခုနှစ်၊ ၂၀၁၁ခုနှစ် နှင့် ၂၀၁၅ ခုနှစ်အရ Cyber Harassemnt နှင့်ပတ်သက်သော သုတေသနစာတမ်းများ၊ စစ်တမ်းများကို ကြည့်မည်ဆိုလျှင်လည်း Cyber Harassment ပြုလုပ်ခံရသော ဖြစ်စဉ်များသည် မတူညီသော ပုံစံများအဖြစ်သို့ ပြောင်းလဲလာ ပြီး Cyberbullying Trends များအမည်ရသော ခေါင်းစဉ်များဖြင့် စစ်တမ်းများပါ ပေါ်ပေါက်လာခဲ့သည်။ အင်တာနက် စာမျက်နှာမီဒီယာများပေါ်မှ အနိုင်ကျင့်စော်ကားမှုများသည် ပိုမိုဆိုးရွားလာသောကြောင့် နိုင်ငံများသည် Cyber Harassment ကိုပြစ်မှုများအနေဖြင့် သတ်မှတ်ကာ ပြုလုပ်ခံရသူဘက်မှ တရားစွဲဆိုမှုများကိုပါ ပြုလုပ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အီလက်ထရောနစ် ဥပဒေနှင့် ဆက်သွယ်ရေး ဥပဒေများဖြစ်သည့် ပုဒ်မ ၆၆(ဃ) နှင့် ပုဒ်မ ၃၄(ဃ)တို့ဖြင့် ထောင်ဒဏ်၊ငွေဒဏ်တို့ဖြင့် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြင့်ဖြစ်စေ တရားစွဲဆိုခြင်း၊ တိုင်တန်းခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

ဤစာပိုဒ်အတွက်ကိုးကားစာများ