အင်တာနက်နှင့် အန္တရာယ်များ

လူမှုကွန်ရက်လုံခြုံရေး ( နှစ်ခွက် )

အင်တာနက်ဟာ ကျွန်တော်တို့ နေ့စဉ်ဘဝကို ပိုမိုချောမွေ့စေခဲ့တာကြာပါပြီ။ တစ်ခုခုသိချင်ရင် စာအုပ်အထူကြီးလှန်နေရတာထက် စာလေး နည်းနည်း ရိုက်ရှာလိုက်တာနဲ့ သိနေလို့ရနေပါပြီ။ အင်တာနက်ကို အခြေခံထားတဲ့ အလုပ်အကိုင်များစွာလည်း ပေါ်ပေါက်လာခဲ့ပါပြီ။ အင်တာနက်မသုံးပဲ ဖြတ်သန်းရတဲ့ နေ့ဆိုတာ အတော်ပင်နည်းပါးလာပါပြီ။

အင်တာနက် ပေါ်ပေါက်လာခြင်းဟာ လူတွေမီးစတွေ့ကြတဲ့ကာလတွေလိုပါပဲ။ မီးဟာ အလွန်အသုံးဝင်ပါတယ်။ အစားအသောက်တွေကို ပိုမိုအရသာပိုရှိစေတယ်။ ဘဝရဲ့ လုံခြုံမှုကို ပေးနိုင်တယ်။ ဒါပေမယ့်လူတွေအသုံးမတတ်ခဲ့တဲ့အတွက် မျိုးသုဉ်းသွားတဲ့ တိရိစ္ဆာန်တွေ၊ အပင်တွေများစွာရှိပါတယ်။ ဒီလိုပဲ အင်တာနက်ကြောင့် ကသောင်းကနင်း ဖြစ်သွားတဲ့ အရာများစွာလည်း ရှိနေပါတယ်။ အင်တာနက်ကို နေ့တိုင်းသုံးနေရုံနဲ့ အင်တာနက်အကြောင်းကို ကျွန်တော်တို့ သိနေပြီလို့ပြောလို့မရပါဘူး။ အင်တာနက်ဟာ ပိုမိုလွယ်ကူစေတာမှန်ပေမယ့် ပိုခက်ခဲလာစေတဲ့ အရာများစွာရှိပါတယ်။ ဒါတွေကို အင်တာနက်အန္တရာယ်များလို့ပဲ ခေါ်ကြပါစို့။

ကျွန်တော်တို့ဟာ အင်တာနက်ကို စွဲလမ်းလာတာဟာ ကြောက်ဖို့ကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ လူ ၅ ယောက်မှာ ၃ ယောက်ဟာ အင်တာနက်ကို စွဲလမ်းနေတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ ကျွန်တော်တို့ဟာ အင်တာနက်နဲ့မျက်နှာသစ်တဲ့နေ့တွေကိုတွေ့ကြုံလာရပါတယ်။ မနက်နိုးတာကို အင်တာနက်နဲ့ စပြီး ညမိုးချုပ်အိပ်ယာဝင်တဲ့အထိ အင်တာနက်နဲ့ အဆုံးသတ်ပါတယ်။ အင်တာနက်မှတစ်ဆင့် သတင်းအချက်အလက်များစွာကို အချိန်နဲ့ တစ်ပြေးညီရနေကြပါတယ်။ ကျွန်တော်တို့ အများကြီးတွေ့နေရပါတယ်။ ကျွန်တော်တို့ အများကြီးသိသွားတယ်လို့တော့ အဓိပ္ပါယ်မပေါက်ပါဘူး။ နေ့စဉ်စားသုံးနေတဲ့ သတင်းအချက်အလက်တွေမှာ မှားယွင်းနေတာတွေအများကြီးရှိပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ အားလုံးကို မတူညီတဲ့ လမ်းကြောင်းများစွာကို ဆွဲခေါ်သွားပါတယ်။ အင်တာနက်မှာမြင်ရတဲ့ အရာတွေဟာ လက်ရှိကျွန်တော်တို့ ဘယ်သူလဲဆိုတာကို ပုံဖော်နိုင်လာပါတယ်။ လူတစ်ယောက်ဟာ အတွေးဆိုးတွေ၊ မကောင်းတဲ့ လုပ်ရပ်တွေကိုနေ့စဉ်ရရှိနေတယ်ဆိုရင် ထိုလူရဲ့ တွေးခေါ်ပုံတွေဟာ ပြောင်းလဲလာနိုင်ပါတယ်။ အင်တာနက်ဟာ လူတွေကို ပုံသွင်းလို့ရလာပါတယ်။ ဒါဟာ အလိုအလျောက်ဖြစ်လာတဲ့ အရာတွေမဟုတ်ပါဘူး။ အင်တာနက်ကို လက်နက်တစ်ခုလို့ သုံးလာကြတဲ့သူတွေကြောင့်ပါပဲ။

တကယ့်အပြင်က မှုခင်းတွေထက် အင်တာနက်ပေါ်မှာ မှုခင်းတွေပိုမိုးများပြားလာပါတယ်။ နေ့စဉ်နဲ့ အမျှ အင်တာနက်မှတစ်ဆင့် အနိုင်ကျင့်ခံနေရသူ များစွာရှိပါတယ်။ ဒါတွေအကုန်လုံးကိုလည်း ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။ လူတွေဟာ မမြင်ကွယ်ရာမှတစ်ဆင့် ပြစ်မှုကျူးလွန်ဖို့ ဝန်မလေးကြပါဘူး။ အင်တာနက်ပေါ်မှာ “ Rape “ ဆိုတဲ့စကားဟာ တစ်နေ့တာအတွင်း အကြိမ်ပေါင်း ထောင်ပေါင်းများစွာပြောဆိုနေကြပါတယ်။

ကျွန်တော်တို့ဟာ အချိန်အနည်းငယ်အတွင်းမှာ ထောင်ပေါင်းများစွာသော အကြောင်းအရာတွေကို သိခွင့်ရလာပါတယ်။ ဒါဟာ ကောင်းတဲ့အချက်ပါ။ သို့သော် ဒီသတင်းအချက်အလက်တွေကို ကိုယ်တိုင်က ဘယ်လိုချေဖျက်ပြီးမှ ယူရမယ်ဆိုတာ ကျွန်တော်တို့ အကုန်လုံးမသိကြသေးပါဘူး။ အများကြီးသိခြင်းဟာ တစ်ဖက်ကကြည့်ရင် အန္တရာယ်ပြန်ဖြစ်လာပါတယ်။ လူတစ်ယောက်ဟာ မနက်က အင်တာနက်သတင်းမှာအဆောက်အဦးတစ်ခု မီးလောင်နေတာကို တွေ့လိုက်တယ်ဆိုပါစို့။ ဘာကြောင့်လောင်တယ်ဆိုတာကို သူသေချာမသိဘူး။ တစ်ယောက်ကဝင်ပြောထားတာက အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကြောင့်တဲ့။ နောက်တစ်ယောက်က ဘေးအိမ်ကြောင့်တဲ့။ နောက်တစ်ယောက်က ဒီဓာတ်ပုံဟာ လွန်ခဲ့တဲ့ သုံးနှစ်က ပုံတဲ့။ ဒီသတင်းအားလုံးထဲမှာ တစ်ခုတစ်လေသာ အမှန်ပါနိုင်ပါတယ်။ အကုန်လုံး မမှန်တာလဲ ဖြစ်နိုင်ပါတယ်။အချက်အလက်များစွာကို လက်ခံရရှိတဲ့အခါ ကိုယ့်မှာ ဆင်ခြင်တတ်တဲ့ အကျင့်တစ်ခုရှိဖို့လိုလာပါတယ်။

အင်တာနက်သုံးတိုင်းမှာ ကျွန်တော်တို့ဟာ တောထဲမှာ ပေါင်မုန့်စလေးတွေချခဲ့သလိုပါပဲ။ ကျွန်တော်တို့ ဘာတွေလုပ်နေတယ်။ ကျွန်တော်တို့ ဘယ်ရောက်နေတယ်။ ဘာတွေစိတ်ဝင်စားနေလဲဆိုတာကို ကျွန်တော်တို့ မပြောပြပဲ သိနိုင်လာကြပါတယ်။ ကျွန်တော်တို့ရဲ့ Privacy တွေဟာ ချိုးဖောက်ခံလာရပါတယ်။ ငယ်ငယ်က ဒိုင်ယာရီရေးတဲ့အခါ လုံအောင်ဖွက်ထားနိုင်သ၍ ကိုယ့်အကြောင်းလူမသိပါဘူး။ ကိုယ့်စာအုပ်ထဲမှာပဲ ကိုယ်ရေးရတာပါ။ အခုအချိန်မှာတော့ ကိုယ်က Gay လားဆိုတာကို ကိုယ့်အမေအရင်မသိခင် Facebook က အရင်သိနေပါပြီ။ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ Social Mediaတွေ၊ Search Engine တွေမှာ ကျွန်တော်တို့ဟာ ရောင်းကုန်တွေပါပဲ။ လျှို့ဝှက်ချက်ဆိုတာ အတော်နည်းသွားပါပြီ။

နောက်ပိုင်းတွေမှာ လူတွေဟာ စိတ်ဓာတ်ကျစရာတွေပိုများလာပါတယ်။ သူများတွေဘာတွေလုပ်နေတယ်၊ ဘယ်လိုတွေကောင်းတာတွေဝတ်နေတာ၊ ခရီးတွေသွားနေတာ။ ဒါတွေဟာ အရင်ကထက် ပိုသိလာရတာတွေပါပဲ။ လူတိုင်းဟာ ခွေးချေးနင်းမိတာကို Post တင်ချင်မှတင်မယ်၊ ပိုက်ဆံကောက်ရတာကိုတော့ Post တင်တတ်ပါတယ်။ လူပေါင်းများစွာနဲ့ ယှဉ်တွေးမိတဲ့အခါ စိတ်ဓာတ်ကျစရာတွေဖြစ်လာရပါတယ်။

အင်တာနက်ဟာ ရှောင်လွဲလို့ရတဲ့အရာတစ်ခုမဟုတ်ပါဘူး။ သို့သော် အရာရာဟာ အတိုင်းအတာတစ်ခုထိကောင်းပါတယ်။ ကောင်းကင်တိမ်ရှင်းနေမှ ကြယ်မြင်ရတာမျိုးမဟုတ်တော့ပဲ အချိန်မရွေး အင်တာနက်မှာ ကြယ်တွေကို ကြည့်လို့ရလာတဲ့အခါ လူတွေဟာ ဘေးမှာဖြစ်ပျက်နေတဲ့ သဘာဝတရားကို လျစ်လျူရှုလာကြပါတယ်။ လူတွေနဲ့ တိုက်ရိုက်စကားပြောဖို့ထက် အင်တာနက်ကတစ်ဆင့်စာရိုက်ပြီးပြောဖို့ ပိုသက်တောင့်သက်သာဖြစ်လာပါတယ်။ ဖုန်းစကရင်တွေကို ကြည့်တဲ့အချိန်နည်းလာပြီး ပတ်ဝန်းကျင်ကို ကြည့်တဲ့အချိန်နည်းလာပါတယ်။ ဒါတွေဟာ လူတွေကြားမှာ ရှိနေတဲ့ စည်းချက်တွေကို ပျက်စီးလာစေပါတယ်။ အဆုံးသတ်ရရင်တော့ အရာရာဟာ တန်ဆေးလွန်ဘေးပါပဲ။

ဘယ်ကမှန်းမသိ၊ ဘယ်ကိုရောက်မှန်းမသိတဲ့ link များဟာ အင်တာနက်ရဲ့ ငါးမျှားချိန်များလိုပါပဲ။ ဘာမှန်းမသိပဲ သွားဟပ်လိုက်မိတာနဲ့ ဖုန်းထဲ၊ ကွန်ပျူတာတွေထဲကို ဗိုင်းရပ်စ်တွေ ၊ ခြိမ်းခြောက်စာတွေရောက်ရောက်လာပါတယ်။ ကွန်ပျူတာထဲရှိသမျှသတင်းအချက်အလက်တွေကို ဖွင့်လို့မရအောင် လုပ်ထားလိုက်ပြီး ပြန်လိုချင်လျှင် ငွေပေးဆိုပြီး ငွေညှစ်တာတွေ၊ ဘဏ်အကောင့်တွေကို သိသွားပြီး ဆုံးရှုံးရတာတွေ၊ cyberbully လုပ်ခံရတာတွေ၊ ဒါတွေဟာ အင်တာနက်ကို ပါးနပ်စွာမသုံးတတ်လျှင်ကြုံရမယ့် ဘေးတွေပါပဲ။

အသက်အရွယ်တစ်ခုမတိုင်ခင်မှာကတည်းက အင်တာနက်နဲ့ ထိတွေ့ရတာလည်း စိုးရိမ်စရာကိစ္စတစ်ခုပါပဲ။ Digital Parenting မကောင်းလျှင် ကလေးတွေဟာ မြင်ဖို့မသင့်တော်သေးတာတွေကို မြင်ကြရပါတယ်။ ကလေးငယ်များကို ဖုန်း၊ ကွန်ပျူတာပေးကိုင်ခြင်းဟာ ကောင်းမွန်တဲ့ကိစ္စတစ်ခုပါ။ ဒစ်ဂျစ်တယ်တွေချည်းပဲ ဖြစ်လာတဲ့ခေတ်မှာ ငယ်စဉ်ကတည်းက ရင်းနှီးထားရတာ ကောင်းမွန်တဲ့ စတင်ခြင်းပါ။ သို့သော် ကလေးများသုံးထဲဖုန်းဟာ ဘယ်အရာတွေပဲမြင်ခွင့်ရသင့်ပါသလဲ၊ ဘာတွေကို ပိတ်ထားသင့်ပါသလဲ။ ဒါတွေဟာ အရေးကြီးတဲ့ ကိစ္စတွေပါ။

အင်တာနက်ဟာ သုံးတတ်ရင် ကောင်းကျိုးပြုသလို၊ မသုံးတတ်ရင်တော့ အန္တရာယ်သိပ်များပါတယ်။ ဘယ်လိုကာကွယ်မှုတွေကို သုံးထားလဲ၊ အင်တာနက်နဲ့ပတ်သတ်ပြီး ဘာတွေ ကြိုသိထားသင့်လဲ၊ ဒါတွေသိထားမှသာ လုံခြုံတဲ့ အသုံးပြုခြင်းဖြစ်မှာဖြစ်ပါတယ်။