ဒစ်ဂျစ်တယ် စာနာမှု၊ ဒစ်ဂျစ်တယ်စာနာစိတ် (Digital Empathy)

Popular ဆောင်းပါး ( အခါးရည် )

ဒစ်ဂျစ်တယ်ရပ်ဝန်းထဲက ဒီဂျစ်တယ်အလေ့အထ….

ဒစ်ဂျစ်တယ် အလေ့အထတွေရဲ့မနေ့က တွေကို ခဏလောက် သင်ပြန်လည့်ကြည့်ဖူးပါသလား တစ်နည်းအားဖြင့်ပြောရရင် သင် ဆိုရှယ်မီဒီယာပေါ်မှာ သင်လုပ်နေမိတဲ့အလေ့အထတွေကို ပြောတာပါ။ ခဏဖြစ်ဖြစ် နောက်ပြန်လှည့်ကြည့်လိုက်ပါ။ တစ်စုံတစ်ဦး၏ လူမှုကွန်ယက်တစ်ခုခုအပေါ်ရှိ ရေးသားပြောဆိုမှုများအပေါ် ပျက်ရယ်ပြုခြင်း၊ လှောင်ပြောင်ခြင်း၊ ခံစားနားလည်နိုင်မှုကင်းမဲ့စွာ တုန့်ပြန်ခြင်း စသည့် အခြေအနေများကို မကြာခဏ(သို့မဟုတ်) မကြာမကြာဆိုသလိုပင် ဒစ်ဂျစ်တယ်ရပ်ဝန်းတွင် သုံးစွဲသူတစ်ဦးအနေဖြင့် တွေ့မြင်နိုင်ပါလိမ့်မည်။

            

အဘယ့်ကြောင့်ထိုသို့ဖြစ်ရပါသနည်း။ 

အဲ့ဒီ အကြောင်းလေးတွေးမိတော့ ရှေးရှေးတုန်းကြားရလေ့ရှိတဲ့ ပုဏ္ဏားခြောက်ယောက်ဆင်စမ်းသည့်ပုံပြင်ကို သတိရမိပါသည်။ ယင်းပုံပြင်ကို အားလုံးသိပြီးဖြစ်ပါလိမ့်မည်။ ပုဏ္ဏားခြောက်ယောက်အနေဖြင့် ၎င်းတို့ဘဝတစ်လျှောက်လုံး ဆင်ဆိုသည်ကို မမြင်ဖူးပါဘူး။ ထို့ကြောင့် ဆင်ဆိုမှာ ဘယ်လိုအရာလဲ ဆိုတာ တော်တော်လေး သိချင်သည်။ ထို့ကြောင့် သူတို့ စမ်းကြည့်ကြသည်၊၊

နှာမောင်း စမ်းမိသူက “ဟာ ဆင်ဆိုတာ မြွေကြီးလိုပါလား”

နားရွက်ကို စမ်းမိတဲ့သူက “ဆင်ဆိုတာ ယပ်တောင်ကြီးနဲ့ တူတာပါကွာ”

ကိုယ်လုံးကြီးကို စမ်းမိသူက “ဆင်ဆိုတာ နံရံကြီးကျနေတာပဲဟေ့”

ခြေထောက်စမ်းမိတဲ့သူက “ဟာကွာ ပေါက်ကရတွေ ဆင်ဆိုတာ တိုင်တွေနဲ့တူတာဟ”

အစွယ်စမ်းမိတဲ့သူက “ဆင်ဆိုတာ သံလျှက်ကြီးနဲ့တူတာပါဟ”

အမြှီးစမ်းမိတဲ့သူက “ဆင်တာဆိုကြိုးကြီးလိုပါကွာ”  စသည်ဖြင့် အဓိပ္ပါယ်ဖွင့်ကြသည်။

 

ထိုကဲ့သို့ လွဲမှားစွာပုံဖော်ခံရသော ဆင်၏နေရာတွင် ထိုပုဏ္ဏားခြောက်ယောက် တစ်ကြိမ်တစ်ခါမျှ ဝင်ရောက်ခံစားခဲ့ဖူးခြင်းမရှိပါ။ သူတို့ထိလိုက်မိတဲ့ အစိတ်အပိုင်း၊ သူတို့ရဲ့စိတ်ထင်မြင်မှုနဲ့ ပေါင်းစပ်ပြီး ဆင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို အသီးသီးမတူညီတဲ့ အဓိပ္ပါယ် တွေနဲ့ ပုံဖော်ကြည့်ခဲ့ကြတယ်။ လွယ်လွယ်ပြောရရင်တော့ဖြင့် အစိတ်အပိုင်းအားလုံးကို မစမ်းကြည့်ပဲ ကိုယ်စမ်းမိတဲ့ အပိုင်းလေးကိုပဲ တွေးပြီး မြင်ကြတာပါ...

 

 ထိုအစမ်းခံရသော ဆင်ကြီး၏ ဘာသာစကားနှင့် ခံစားမှုတို့ကို ထိုပုဏ္ဏားခြောက်ယောက်နားမလည်နိုင်။ ထိုပုံပြင်ကဲ့သို့ ဖြစ်စဉ်မျိုးကို ယနေ့ ဒစ်ဂျစ်တယ်ရပ်ဝန်းတွင် မကြာခဏတွေ့ရလေ့ ရှိပါသည်။ တစ်နည်းအားဖြင့် စာနာမှု (Empathy) သက်ညှာမှု ကင်းမဲ့စွာဖြင့် အခြားသောသူတစ်ဦး၏ လူမှုကွန်ယက်ပေါ်မှ ရေးသားပြောဆိုမှုများအပေါ်လှောင်ပြောင်ခြင်း၊ ပြင်းထန်စွာတုန့်ပြန်ပြောဆိုခြင်းများသည် မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်းနေသကဲ့သို့ပင်ဆိုနိုင်ပါသည်။ 

 

ခေတ်၏တောင်းဆိုမှုအရဟုဆိုနိုင်သော၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တို့အတွက် မရှိမဖြစ် လိုအပ်သော ဒစ်ဂျစ်တယ်ရပ်ဝန်းကလေးသည် လှပလာရမည့်အစား စာနာစိတ်ကင်းမဲ့လာသော ရပ်ဝန်းတစ်ခုအဖြစ်အရိုင်းဆန်လာရပါတော့သည်။ 

 

စာနာစိတ် (Empathy) ဆိုသည်မှာ အခြားသူများ၏ ခံစားမှုကို နားလည်ပေးနိုင်သော၊ အခြားသူများ၏ စဉ်းစားတွေးခေါ်မှုများကို မျှဝေစဉ်းစား ပေးနိုင်သော စွမ်းရည်တစ်ခုဟုဆိုနိုင်ပါသည်။ လူသားတို့၏ သဟမျှတစွာ နေထိုင်ရေး ဖြစ်စဉ်တွင် စာနာနားလည်စိတ်သည် အပြန်အလှန်လေးစားမှု နွေးထွေးကျင်နာသော လူမှုဆက်ဆံရေးဆိုင်ရာ ဖြစ်စဉ်တစ်ခုလုံးအတွက် မရှိမဖြစ်သော စွမ်းရည်တစ်ခုဟုဆိုနိုင်ပါသည်။ ထိုစွမ်းရည်ရှိမှသာ တစ်စုံတစ်ဦးကို နားလည်နိုင်မည်၊ နှစ်သိမ့်ပေးနိုင်မည် ဖြစ်သည်။ 

 

ထိုသို့ဆိုလျှင် ဒစ်ဂျစ်တယ်ရပ်ဝန်းတွင်ရော ဒစ်ဂျစ်တယ်စာနာမှု (Digital Emapthy) သည်လိုအပ်ပါလား။ ဟုတ်ကဲ့လိုအပ်ပါသည် ဟုပင်ဖြေရပါမည်။ အဘယ့်ကြောင့် ဆိုသော သင်အသုံးပြုနေသော လူမှုကွန်ယက်တစ်ခုခုပေါ်ရှိ စာသာများသည် အလိုအလျှောက်ပေါ်လာခြင်းမဟုတ်ပါ။ ခံစားတတ်သော ၊ ဝမ်းနည်းတတ်သော၊ နာကျင်တတ်သော၊ ချစ်ခြင်း - မုန်းခြင်းရှိသော သက်ရှိလူသားတစ်ဦးက ဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။ 

 

တစ်နည်းအားဖြင့် ဖန်သားပြင်တိုင်း၏ မျက်နာခြင်းဆိုင်တွင် ထိုင်နေသော ခံစားနားလည်နိုင်စွမ်းရှိသည့် လူသားတစ်ဦးခြင်းစီက ဖန်တီးထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဒစ်ဂျစ်တယ်သုံးစွဲသူတို့သည် လူမှုကွန်ယက်သုံးစွဲသူအချင်းချင်း အပြန်လှန် စာနာနားလည်နိုင်စွမ်းရှိမှသာလျှင် နွေးထွေးသည့် ဒစ်ဂျစ်တယ်ရပ်ဝန်းကို ဖန်တီးနိုင်မည်ဖြစ်သည်။ 

 

ထိုသို့မဟုတ်ပါက မျက်မမြင်ဆင်စမ်းသကဲ့သို့ပင် ဖြစ်နေမည်ဖြစ်ပါသည်။ လူတစ်ဦး တစ်ယောက်ရေးသားထားသော ကွန်ယက်ပေါ်က ပိုစ့် ကိုအစိတ်အပိုင်းတစ်ခုသာ နားလည်လိုက်ပြီး ကိုယ်လိုရာ ထင်မြင်သုံးသပ်မိတာမျိူးတွေဖြစ်တတ်ကြပါသည်၊၊

 

စီအိုင်အေ၏ ပဋိပက္ခညှိနှိုင်းရေးမှုဖြစ်သည့် Chris Voss ရေးသာခဲ့သော နာမည်ကျော်စာအုပ်ဖြစ်သည့် Never Split the Different စာအုပ်တွင်ပါသောအကြောင်းအရာဖြစ်သည့် ၇-၃၈-၅၅ နိယာမလေးတစ်ခုအကြောင်းဖော်ပြချင်ပါသည်။ ယင်းနိယာမကို ဖော်ထုတ်ခဲ့သူမှာ စိတ်ပညာပါမောက္ခတစ်ဦးဖြစ်သည့် Albert Meharabian ဖြစ်သည်။ ၎င်း၏ အဆိုအရ မိမိပေးလိုသော သတင်းစကားကို စာဖြင့်ရေးသားခြင်းဖြင့် (၇) ရာခိုင်နှုန်းသာ အခြားတစ်ဘက်သို့ပို့လွှတ်ပေးနိုင်ပြီး၊ အသံဩဇာမှ (၃၈) ရာခိုင်နှုန်းခံစားရရှိနိုင်ကာ ဟန်ပန်အမူအရာများမှ (၅၅) ရာခိုင်နှုန်းခန့် ထိတွေနိုင်သည်ဟု ဆိုပါသည်။ 

 

အင်တာနက်အသုံးပြုသူများအနေဖြင့် စာဖြင့်ရေးသားပေးပို့သောနည်းဖြင့် သတင်းအချက်အလက်များကို အများဆုံးပေးပို့ဆက်သွယ်ခြင်းများ ပြုလုပ်ကြသည်ဖြစ်ရာ အခြားသူများ၏ သတင်းအချက်အလက်များအပေါ် ခံစားတုန့်ပြန်နိုင်မှုမှာ (၇) ရာခိုင်နှုန်းသာ စတင်ရရှိနိုင်သည်ကို သတိပြုစဉ်ခြင်ရမည်ဖြစ်ပါသည်။ 

 

ထို့အပြင် အွန်လိုင်းအသုံးပြုသူများအနေဖြင့် သတင်းစကားလက်ခံရရှိချိန်တွင် မိမိ၏ စိတ်တွင်ဖြစ်ပေါ်နေသော စိတ်ခံစားမှုအခြေအနေများဖြင့် ပေါင်းစပ်ပြီး သတင်းစကားများကို နားလည်လက်ခံသည့်အခါ သတင်းစကားပေးပို့သူ၏ ဆိုလိုရင်းကိုပျောက်ဆုံးသွားစေ

တတ်ပါသည်။ 

 

ထို့ကြောင့် အွန်လိုင်းပေါ်တွင် စာနာစိတ်ထားရှိနိုင်ရန်အတွက် သတင်းစာကားများကို သုံးသပ်သည့်အခါ မိမိ၏ခံစားမှုထက် သတင်းစကားပေးပို့သူ၏ ရှုထောင့်မှ ဆင်ခြင်နိုင်စွမ်းသည် အလွန်အရေးပါပါသည်။

ထိုသို့ဆင်ခြင်းနိုင်စေရန်တွက် အခြားသူများရေးသားထားသော အချက်အလက်များ အကြောင်းအရာများ၏ ဆိုလိုရင်းကို နားလည်သဘောပေါက်အောင် ဂရုတစိုက်ဖတ်ရှုခြင်းနှင့် ရေးသားပြောဆိုမှုများကို ရှင်းရှင်းလင်းလင်းရှိစေရန် တစ်ဘက်သူအဓိပ္ပါယ်ကောက်မလွဲမှားစေရန် သေချာစွာ စိစစ်ပြင်ဆင်ခြင်းတို့သည် အဓိကအကျဆုံးသော အခြင်းအရာများဖြစ်ပါသည်။ သို့မှသာ တစ်ဘက်သား၏ ခံစားမှုကို နားလည်နိုင်မည်ဖြစ်သလို မိမိ၏ ခံစားမှုကိုလည်းတစ်ဘက်သားမှ မျှဝေခံစားနိုင်မည်ဖြစ်ပါသည်။

ဒစ်ဂျစ်တယ်စာနာမှုဆိုသည်မှာ ဒီဂျစ်တယ်ရပ်ဝန်းအတွင်း ဒစ်ဂျစ်တယ်အမြင်အာရုံကောင်းသူများဖြစ်ဖို့ မရှိမဖြစ်လိုအပ်သော အခြေခံ တစ်ခုပင်ဖြစ်ပါသည်။ ထိုမှသာ သည်သည် ခေတ်သစ်မျက်မမြင်ပုဏ္ဏားတစ်ဦးအဖြစ်မှ ရုန်းထွက်နိုင်မည်ဖြစ်ပါသည်။  ဒစ်ဂျစ်တယ်ရပ်၀န်းပေါ်တွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန်မှတ်ချက်ပေးရာတွင် လည်းကောင်း၊ အတွေးအမြင်များဖလှယ်ရာတွင်လည်း သေချာစွာ စဉ်းစားပြီး ..သူ့နေရာမှာငါသာဆိုလျှင်တဲ့ စိတ်လေးမွေးသင့်ပါသည်။ လူတိုင်း မတူညီတဲ့အတွေးအမြင် များကိုလွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိပါသည်။ သို့သော် အပြုသဘောဆောင်သော ​ေ၀ဖန် ဆွေးနွေးမှုများဖြစ်ရန်တော့လိုအပ်ပါသည်။ ထို့သို့ဆိုလျှင် ကျွန်ုပ်တို့၏ ဒစ်ဂျစ်ရပ်၀န်းပေါ်တွင် အင်မတန်မှ အဆင့်အတန်းမီသော လှပသော ရပ်၀န်းတစ်ခုကို သွားနိုင်မည်ဖြစ်ပါသည်။